ကြံခင်း ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားဖြင့် လိုက်လံအသိပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အသိပေးနှိုးဆော်မှုအား ဆောင်ရွက်ရခြင်းမှာ ပွင့်လင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာသဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရမည့်အချက်များ၊ မီးပေါ့ဆမှု မရှိစေရန်နှင့် မတော်တစ်ဆ မီးဘေးအန္တရာယ် ကြုံတွေ့ပါက ဆောင်ရွက်ရမည့်အချက်များ၊ နေအိမ်များတွင် မီးဘေးကြိုတင် ကာကွယ်ရန် မီးချိတ်၊ မီးကပ်၊ ရေးအိုး၊ သဲပုံးနှင့် မီးသတ်ဆေးဘူးများ ထားရှိကြရန်၊ မီးသုံးစွဲပြီးပါက မီးကြွင်းမီးကျန်များ ငြှိမ်းသတ်ထားရန်၊ ဘုရားဆီမီးနှင့် အမွှေးတိုင်ပူဇော်ခြင်း၊ ခြင်ဆေးထွန်းခြင်းများကို စနစ်တကျထွန်းပြီး ငြှိမ်းသတ်ကြရန်၊ မီးလောင်လွယ်သော လောင်စာဆီနှင့် မီးလောင်လွယ်သော ပစ္စည်းများအား စစ်နစ်တကျ ထားရှိရန်နှင့် လူနေအိမ်ခြံဝန်းအတွင်း အမှိုက်များရှင်းလင်းကြရန်၊ စက်ရုံ၊ အလုပ်ရုံ၊ ဌာနဆိုင်ရာ ရုံးများတွင်လည်း မီးဘေးလုံခြုံရေး ဂရုပြုကြရန်နှင့် မီးသတ်ဆေးဗူး၊ ရေလှောင်ကန်များနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးသုံးပစ္စည်းများ ထားရှိရန် စသည့့်အချက်များအား အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းသည် ကြံခင်းမြို့နယ်အတွင်း မီးလောင်မှုလျော့နည်းစေရန်၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန်၊ အများပြည်သူများ နေ့စဉ်သတိရှိစေရန် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ကျေးရွာမကျန် အဖွဲ့များခွဲပြီး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနက သိရသည်။
မိုးမိုး(ပြန်/ဆက်)