မြောင်းမြ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြောင်းမြမြို့နယ် မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အစည်းအဝေးတွင် မြောင်းမြမြို့နယ် ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ က ဆွေးနွေးပြောကြားရာတွင် ယခင်က ရန်ကုန်ပြန်များ၊ ကားသမားများနှင့် ပိုးတွေ့ လူနာများနှင့် ထိစပ်မိသူများအား ထားရှိသည့် စွမ်းအားပရိယတ္တိတောရ Facility Quarantine တွင် ထားရှိလာခဲ့ရာမှ ယခုအခါ မြောင်းမြမြို့ပေါ်တွင် ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ များပြားလာသည့်အတွက် ၎င်းတို့ထားရှိရန် Facility Quarantine နေရာလိုအပ်လာသည့်အတွက် မည်သည့်နေရာတွင် ထားရှိရန်သင့်တော်မည်ကို ပါဝင်ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
၄င်းနောက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြောင်းမြမြို့နယ် ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အသီးသီး အပြန်အလှန် ညှိနှိုင်းပါဝင် ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးခဲ့ရာမှ ထိတွေ့ဆက်စပ်ခဲ့သူများ ထားရှိနိုင်ရန်သင့်တော်သည့် မြောင်းမြမြို့ရှိ ပညာရေး ဒီဂရီကောလိပ် ကျောင်းကို Facility Quarantine နေရာအဖြစ် ထပ်မံအသုံးပြုနိုင်ရန် ဝိုင်းဝန်းအတည်ပြု သတ်မှတ်ခဲ့ကြကြောင်း သိရသည်။
ဇေဇေမောင်(ပြန်/ဆက်)