မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၇
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၊ ကုန်ခြောက် ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော Ajinomoto ဟင်းခပ်အချိုမှုန့်များနှင့် မြို့နယ်အတွင်း ရောင်းချ လျက်ရှိသော မုန့်ဆိုင်များမှ စားသောက်ကုန် မုန့်မျိုးစုံပစ္စည်းများ၌ တံဆိပ်၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်ဈေးနှင့် အမှတ်(၁၂) ရပ်ကွက် အတွင်းရှိ ဈေးဆိုင်များတွင် လိုက်လံစစ်ဆေးသည်။
ထိုသို့စစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေးအတွက် ပစ္စည်းတံဆိပ်များ မှန်ကန်မှု ရှိ/မရှိ၊ ကုန်အညွှန်းတံဆိပ်များ မှန်ကန်စွာရေးသားထားမှု ရှိ/မရှိ စစ်ဆေးရခြင်း ဖြစ်ပါကြောင်း၊ ကုန်ပစ္စည်း ရောင်းချသူများ အနေနှင့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ ကုန်အညွှန်းတံဆိပ်များ မှန်ကန်စွာဖြင့် ရောင်းသူ/ဝယ်သူ အဆင်ပြေစွာ သုံးစွဲရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်၊ မြို့မကျန်းမာရေးမှူး ဦးဇော်မြင့်နှင့် ဦးစိုးဘိုဘိုထွန်း (ဈေးတာဝန်ခံ)နှင့် အဖွဲ့များမှ ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)