ဆီဆိုင် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း/ရုံးများအတွက် ပရိဘောဂပြုလုပ်ခြင်း တင်ဒါဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကုမ္ပဏီများမှ တင်သွင်းလာသော တင်ဒါအဆိုပြုလွှာများကို ဖွင့်ဖောက်ပြီး အမှတ်ပေးစနစ်ဖြင့် ဆောင်ရွက်ကြသည်။ ထို့နောက် တင်ဒါဖွင့်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ် ပညာရေးမှူး ဦးစိုးသစ်နှင့် မြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်တို့မှ ကုမ္ပဏီများအား လုပ်ငန်း စံချိန်စံညွှန်းနှင့် အရည်အသွေးကောင်းမွန်စွာ ဆောင်ရွက်ကြရန်နှင့် တင်ဒါ စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်၍ အသီးသီး အမှာစကား ပြောကြားကြသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း/ရုံးများအတွက် လိုအပ်သော ပရိဘောဂများကို ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)