ရေကြည်မြို့နယ်၌ “Online Physical Fitness Dance " ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရေကြည်  ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သော “Online Physical Fitness Dance " ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက “မြို့ပေါ်ရပ်ကွက်များတွင် သာမက ရပ်ကျေးတွေမှာ လှည့်လည်၍ ကိုယ်လက်လှုပ်ရှား အားကစားနည်းများကို ဆောင်ရွက်ပေးခြင်းဖြင့် မြို့နေပြည်သူများ ကျန်းမာကြံ့ခိုင်စေတဲ့အတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း" အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ရေကြည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် Physical Fitness Dance ဥက္ကဋ္ဌ ဒေါ်ထိုင်တင်ထွေးက ကိုဗစ်ကာလအတွင်း၌ မြို့နေပြည်သူလူထုများ ကျန်းမာကြံ့ခိုင်စေဖို့နှင့် အိမ်မှာနေရင်း ပြင်းပြင်းထန်ထန်မဟုတ်ဘဲ သက်တောင့်သက်သာ ကိုယ်လက်လှုပ်ရှား အားကစားနည်းများကိုပြုလုပ်‌စေရန်၊ အားကစားနည်းတွေကိုလုပ်ခြင်းဖြင့် နှလုံးအားကောင်းခြင်း၊ အဆုတ်အားကောင်း‌ စေခြင်းဖြင့် ကျန်းမာရေးပိုမို‌ ကောင်းမွန်သဖြင့် အိမ်မှာနေရင်း ကိုယ်လက်လှုပ်ရှား အားကစားနည်းများကို ပြုလုပ်စေဖို့ တိုက်တွန်း ပြောကြားခဲ့ပြီး ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုအသီးသီးချီးမြှင့်ခဲ့ပြီး အကဲဖြတ်ဒိုင်လူကြီးများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်အောင်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန့်ဇင်ဦး၊ မြို့နယ်မီးသတ်ဦးအရာရှိ ဦးစိုးနိုင်၊ မြို့နယ်ပညာရေးမှူး ဦးသန်းမော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)