နမ့်ခမ်းမြို့ မြို့နယ်လုပ်ငန်းရှင်စိစစ်ရေးကော်မတီမှ ကျောင်းသုံးပစ္စည်းများပြုလုပ်ရန် လုပ်ငန်းရှင်များကို စိစစ်ရွေးချယ်

နမ့်ခမ်း  ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံစာသင်ကျောင်းများအား (၂၀၂၁) ခုနှစ်၌ ပြည်ထောင်စုရံပုံငွေကျပ်ငွေသိန်းပေါင်း (၁၀၀၀/-)ကျော်ဖြင့် ကျောင်းသုံးပစ္စည်း (၅)မျိုး အကောင်အထည်ပြုလုပ်ရန် လာရောက်လျှောက်ထားသော (ကုမ္ပဏီ)လုပ်ငန်းရှင်များအား မြို့နယ်လုပ်ငန်းရှင် စိစစ်ရေး ကော်မတီက စိစစ်ရွေးချယ်ပြီး ယမန်နေ့မွန်းလွဲ (၄)နာရီခွဲအချိန်ခန့် က အတည်ပြုထုတ်ပြန်ကြေညာသည်။ 

လုပ်ငန်းရှင်ရွေးချယ်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင် က "လုပ်ငန်းအတွက် လျှောက်ထားသည့် ကုမ္ပဏီတို့က မြို့နယ်ဒေသခံ လုပ်ငန်းရှင်များဖြစ်ကြသည့် အတွက် ဘယ်လုပ်ငန်းရှင်ကပဲ ယခုလုပ်ငန်းများကို ရရှိသည်ဖြစ်ဖြစ်  မိမိမြို့နယ်အတွက် ပညာရေးလုပ်ငန်းသုံးပစ္စည်းများအား ကောင်းမွန်စွာ ပြုလုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း" ပြောကြားသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံစာသင်ကျောင်းများ၌ အသုံးပြုရန်လိုအပ်လျက်ရှိသော ကျောင်းသုံးပစ္စည်းသည် ခုံတန်းရှည်(အမြင့်)၊ ခုံတန်းရှည်(အနိမ့်)၊ ဘီဒို၊ စားပွဲနှင့် လက်တင်ပါ ကုလားထိုင်ခုံများကို ပြုလုပ်ရန် မြို့နယ်မှလုပ်ငန်းရှင် (ကုမ္ပဏီ) (၅)ခုတို့မှ လာရောက်လျှောက်ထားခြင်းဖြစ်သည်။ ကျောင်းသုံးပစ္စည်းများကို ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းရှင်များအား ရွေးချယ်ရန် ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းတွင် မြို့နယ်လုပ်ငန်းရှင်စိစစ်ရေးကော်မတီက အစည်းအဝေးကျင်းပပြီး လိုအပ်သည့် စစ်ဆေးမှုများ အဆင့်ဆင့်ပြုလုပ်၍  " ထိပ်တန်းခိုင် ကုမ္ပဏီ " ကို ရွေးချယ်အတည်ပြုခဲ့သည်။

"လုပ်ငန်းအတွက် မြို့နယ်လုပ်ငန်းရှင်စိစစ်ရေးကော်မတီမှ ကျွန်တော်တို့ ကုမ္ပဏီကို ရွေးချယ်သည့်အတွက် ဝမ်းသာပါတယ်၊ ကျွန်တော်က ဒီမြို့နယ်ဒေသခံဖြစ်ပြီး မိမိမြို့နယ်အတွက် လုပ်ငန်းဖြင့် အကျိုးပြုရန်၊ မိမိမြို့နယ်အတွက်  စေတနာ၊ အနစ်နာခံပြီး မြို့နယ်ပညာရေးအတွက် ကောင်းမွန်၊ ခိုင်ခန့်သည့်ပစ္စည်းများ ပြုလုပ်ကျန်ရှိ နေမယ် "လို့ ရွေးချယ်ခံ " ထိပ်တန်းခိုင် " ကုမ္ပဏီမှ မန်နေဂျင်းတာရိုက်တာ က ပြောကြားသည်။

ဆိုင်ထွန်း(ပြန်/ဆက်)