မိုင်းဆတ်မြို့၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ် စီမံခန့်ခွဲမှု အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲကို ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် (၉)နာရီအချိန်က အ.လ.က (ကျဒယ်)ကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေး က ကလေးသူငယ်များမွေးဖွားလာပါက ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသမှုခံစားပိုင်ခွင့်ရှိကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မားရန် အခွင့်အရေးရှိကြောင်း၊ မတရားခေါင်းပုံဖြတ်ခြင်း၊ လွဲမှားစွာပြုကျင့်ခြင်း၊ အကြမ်းဖက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနာကျင်စေခြင်း၊ လစ်လျူရှုခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ရှိကြောင်း၊ အရက်သေစာသောက်စားခြင်း၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း မပြုလုပ်စေရန် မိဘအုပ်ထိန်းသူများမှ ဆုံးမသွန်သင်ရန်လိုကြောင်းနှင့် ကလေးသူငယ်များ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦး၊ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေး၊ အ.လ.က (ကျဒယ်)ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်း နှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မိဘအုပ်ထိန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)