အမာ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ ဆိပ်မအနောက်ကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ စံပြကျေးရွာသစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (မြန်မာဆယ်မားအူးအွန်ဒုံစီမံကိန်း) (SMU)အရ စံပြကျေးရွာသစ် ဖော်ဆောင်ရေး လုပ်ငန်းအဖြစ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းအကျယ်(၁၀)ပေ၊ လမ်းအရှည်(၁၂၀၀)ပေခန့်ရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို စံပြကျေးရွာသစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(SMU)မှ မတည်ငွေကျပ် (၁၁၈)သိန်းကျော်နှင့် ကျေးရွာထည့်ဝင်ငွေ (၁၅)သိန်းကျပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာနေ ပြည်သူများက စုပေါင်းလုပ်အားဒါနဖြင့် ဆောင်ရွက်ကြကြောင်း၊ လမ်းခင်းခြင်း လုပ်ငန်းအပြင် ကမ်းထိန်းနံရံပြုပြင် ဆောင်ရွက်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက် သွားမှာဖြစ်ကြောင်း သိရသည်။
စံပြကျေးရွာသစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(SMU)မှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် တစ်နှစ်လျှင် ထောက်ပံ့ငွေ ဒေါ်လာ(၂၀၀၀၀)ဖြင့် လုပ်ငန်း(၃)ရပ်ဖြစ်သည့် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်း၊ လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ဝင်ငွေတိုးပွါးရေး လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် ဦးလှသိန်းထွဋ် (ကျေးရွာတာဝန်ခံ၊ စိုက်ပျိုးရေး ဦးစီးဌာန)ထံမှ သိရသည်။
နော်လေး(အမာ)