မယ်စဲ့ ဩဂုတ် ၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး လက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းကို တောင်သူ ဦးဘစံ ကွင်းအမှတ်(၁)၊ ဦးပိုင်(၃၇)၊ စိုက်ဧက ၃ ဧက၌ ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလွင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူများအတွက် အထွက်နှုန်းတိုးတက်စေရေး၊ ထွက်ရှိလာသော သီးနှံများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ကောင်းမွန်သော နည်းစနစ်ကို အသုံးပြုပြီး စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးတို့အတွက် စိုက်ပျိုးနည်းစနစ်ကို လက်တွေ့သရုပ် ပြသ ခဲ့သည်။
ဆက်လက်၍ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာများ အချိန်ကိုက်၊ အချိုးကျစွာ သုံးစွဲတတ်စေရန်နှင့် မှိုသတ်ဆေး၊ ပိုးသတ် ဆေးများ စနစ်တကျ သုံးစွဲတတ်စေရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
မယ်စဲ့မြို့နယ်တွင် မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများ၏ စမ်းသပ်ကွက်၊ စံပြကွက်များ အတွက်လည်း ပြည်နယ်အစိုးရ အဖွဲ့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် သီးနှံအလိုက် ဓာတ်မြေဩဇာနှင့် မှိုသတ်ဆေး၊ ပိုးသတ် ဆေးများကို စိုက်ပျိုး ရာသီချိန်အမီ အခမဲ့ထောက်ပံ့ပေးခဲ့သည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းများအတွက် များစွာ အထောက် အကူ ပြုကြောင်း တောင်သူများထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)