မြိတ် ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် အရန်မီးသတ်စခန်းများနှင့် မီးသတ်ယာဉ်များအား ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းသည် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက မြိတ်တောင်ကျေးရွာ၊ မြိတ်တောင်ရပ်ကွက်၊ အလယ်ကျွန်းရပ်ကွက်၊ နောက်လယ်ရပ်ကွက်၊ ဆိပ်ငယ်ရပ်ကွက်၊ ထားဝယ်စုရပ်ကွက် အရန် မီးသတ်စခန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ အရန်မီးသတ်စခန်း တာဝန်ရှိသူများက မီးသတ်ယာဉ်များ အရန်သင့်ထားရှိပြီး မီးဘေးအန္တရာယ် ဖြစ်ပွားလာပါက မီးငြိမ်းသတ်ရေး လုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားကြရာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက အားပေးစကား ပြောကြားခဲ့ပြီး မီးသတ်ယာဉ်များအား ကြည့်ရှုစစ်ဆေး ခဲ့သည်။
ထို့နောက် မြိတ်တောင်ရပ်ကွက်တွင် မြို့နယ်မီးသတ်စခန်း တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ မြိတ်ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် မြိတ်မြို့ရှိ အရန် မီးသတ်တပ်ဖွဲ့များမှ တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။ မြိတ်မြို့၌ အရန်မီးသတ်စခန်း(၈)ခုတို့တွင် မီးငြိမ်းသတ်ယာဉ် (၁၅) စီးနှင့် မီးသတ်ဦးစီးဌာနတွင် မီးငြိမ်းသတ်ယာဉ်(၁၁)စီးတို့ဖြင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များကို မီးဘေး အန္တရာယ်မှ တားဆီးကာကွယ်ရေး လုပ်ငန်းများအား မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်စခန်းများ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
မြိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ မီးလောင်မှု (၁၃) ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် (၄) လုံးနှင့် အခြား ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်သည့် အကြောင်း အရင်းများမှာ မီးဖိုမီးကြွင်း မီးကျန်မှ (၂)ကြိမ်၊ ပေါ့ဆမီး(၄)ကြိမ်၊ ရှို့မီး(၅)ကြိမ်၊ လျှပ်စစ်မီး (၂) ကြိမ်တို့ဖြစ်ကြပြီး မီးလောင်မှုကြောင့် ကျပ်သိန်း (၁၀၀)ကျော် ဆုံးရှုံးမှုရှိခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)