ဟားခါးမြို့တွင် စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး တာဝန်ရှိသူများ ဆက်လက် ကွင်းဆင်းစစ်ဆေး

ဟားခါး  ဒီဇင်ဘာ  ၁၇

ချင်းပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာ ရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ ယနေ့တွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူများက ဆက်လက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး ဖွင့်လှစ်လိုတဲ့ ဆိုင်တွေကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို တင်ပြခိုင်းထားပါတယ်။ ဖွင့်လှစ်ဖို့တင်ပြလာတဲ့ ဆိုင်တွေကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်တွေနဲ့ ပြည့်စုံပြီဆိုရင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှာ ဖြစ်ပါတယ်။ မပြည့်စုံသေးဘူးဆိုရင်တော့ ဖွင့်ခွင့်မပြုသေးဘဲ ပြည့်စုံအောင်ထိ ဆောင်ရွက်ခိုင်းမှာ ဖြစ်ပါတယ်။ အခုဆိုင်ထိုင်စနစ် ရောင်းချခွင့်ပြုထားတာ (၃၆)ဆိုင်ရှိပါတယ်၊ ထပ်ပြီးလာတင်ထားတာ (၁၁)ဆိုင်ကို ဒီနေ့ကွင်းဆင်းစစ်ဆေးပေးတာပါ၊ နောက်ထပ် လာတင်ပြသူကို ဆက်လက်ဆောင်ရွက် သွားပေးမှာပါ၊ အလားတူ ဖွင့်လှစ်ခွင့်ပြုပြီး ဆိုင်တွေကိုလည်း ညွှန်ကြားချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်မှု ရှိ၊မရှိ စစ်ဆေးသွားမှာ ဖြစ်ပြီး၊ လိုက်နာဆောင်ရွက်မှု မရှိတာကို စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ဟု ဟားခါးမြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင် တစ်ဦးက ပြောပြပါတယ်။

ဟားခါးမြို့ပေါ်မှာရှိကြတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျစီစဉ် ဆောင်ရွက် ထားရှိသကဲ့သို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန် မှာကြားချက် များအတိုင်း စီစဉ်ဆောင်ရွက် ထားရှိကြကြောင်း သိရသည်။

အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)