မိုင်းယောင်း ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်တွင် စောင့်ကြပ် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ နှစ်ဦးအား ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည် ကောင်းမွန်လာသည့်အတွက် ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာဟန်စိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟိန်းဇော်ဦးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်၍ ကာကွယ်ပါ၊ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာသူများ၏ အတူနေမိသားစုဝင်များ လိုက်နာရန်အချက်များ စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ တိုက်တွန်းနှိုးဆော်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာ ရောက် ကူညီပို့ဆောင်ပေးခဲ့သည်။
မိုင်းယောင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ကိုးဦးရှိရာ ဒီဇင်ဘာ ၁၅ ရက်တွင် သုံးဦး၊ ဒီဇင်ဘာ ၁၆ ရက်တွင် နှစ်ဦးနှင့် ယနေ့တွင် နှစ်ဦးတို့ကို အသီးသီးဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ရာ လက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ နှစ်ဦး ကျန်ရှိနေပြီး မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်တွင် ဆေးကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း