ထန်တလန်မြို့၌ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး

ထန်တလန်  ဒီဇင်ဘာ  ၁၇

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန Food and Drug Administration (FDA) ဝန်ထမ်းများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီဝင်များ ပူးပေါင်း၍ မြို့ပေါ်ရှိ စားသောက် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအသောက်များ၊ ဆေးဝါးများ၊ သက်တမ်းကုန်ဆုံးသော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဂျိုးဇက်ဗန်ဘွေအုပ်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူးဦးဇင်မြတ်မင်းထွဋ်၊ မြို့နယ်ကုသရေး ဆရာဝန်ကြီး ဒေါက်တာ ထွန်းပွားနှင့် ဝန်ထမ်းများ၊ မြို့နယ်ဒု-ရဲအုပ်ဟိန်းဝေဇင်လတ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရွှေကျုံးလျန်၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ ပူးပေါင်းသည့် အဖွဲ့များက စားသောက်ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းနှင့် နောက်နောင် ပစ္စည်းများ မှာယူပါက ရက်စွဲကို သေချာစစ်ဆေးကြရန်၊ သက်တမ်းလွန်၍ စားသုံးရန်မသင့်သော အစားအသောက်များ မရောင်းချကြရန် အသိပညာ ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)