ဟားခါးမြို့တွင် ပူးပေါင်းစစ်ဆေးရေး ဂိတ်မဖြတ်ဘဲ ပိတ်ဆို့ထားသည့် နေရာများတွင် ဖျက်ဆီး ခိုးဝင်သူများအား အရေးယူဆောင်ရွက်

ဟားခါး  ဒီဇင်ဘာ ၁၇

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ခရီးသည် များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင် ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါဆောင်ရွက်ချက်များကို လိုက်နာခြင်းမရှိဘဲ ပိတ်ဆို့ထားသည့် နေရာများတွင် ဖျက်ဆီးခိုးဝင်သူများအား ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ အမှုပေါင်း (၁၄)မှု၊ တရားခံပေါင်း (၂၆) ဦးအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာဥပဒေ ပုဒ်မ (၂၅)ဖြင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ ဟားခါးမြို့ပေါ်အတွင်း မြို့တွင်း ရောဂါကူးစက်မှုမရှိစေရေး စည်းကမ်းတင်းကြပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဟားခါးမြို့ပေါ်တွင် Facility Quarantine ဝင်ရောက်နေသူ (၂၀၀၀) ကျော်ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ (၃၀) ဦးအထိရှိခဲ့ကြောင်း၊ အဆိုပါရောဂါပိုးတွေ့ရှိ သူများမှာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးတွေ့ရှိခြင်းနှင့် Facility Quarantine တွင် စနစ်တကျ ဝင်ရောက်သူများဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ ထုတ်ပြန်ကြေညာချက်များ လိုက်နာမှု မရှိသူများအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာဥပဒေ ပုဒ်မ (၂၅)ဖြင့် အရေးယူဆောင်ရွက် ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)