ကန်ပက်လက်မြို့နယ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းအမျိုးအစား (၁၁) မျိုးအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

ကန်ပက်လက်  ဒီဇင်ဘာ ၁၇

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု၊ ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း အမျိုးအစား (၁၁) မျိုးကို မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ တင်ဒါအောင် ကုမ္ပဏီများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ယင်းလုပ်ငန်း အမျိုးအစား (၁၁) မျိုးမှာ ကတ္တရာခင်းခြင်း၊ ကျောက်ခင်းခြင်း၊ မြေသားလမ်းသစ် ဖေါက်ခြင်း၊ လမ်းတာချဲ့ခြင်း၊ လေယာဉ်ကွင်း အကြိုရှင်းလင်းခြင်း၊ ကွန်ကရစ်တံတား တည်ဆောက် ခြင်း၊ ကွန်ကရစ်ရေပြွန် တည်ဆောက်ခြင်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ သောက်သုံးရေ သွယ်ယူခြင်း၊ သာသနာရေး အဆောက်အဦဆောက်လုပ်ခြင်းနှင့် အိမ်ရာဆောက်လုပ်ခြင်းတို့ဖြစ်ပြီး ပြည်ထောင်စုရန်ပုံငွေဖြင့် လုပ်ငန်း (၉)ခု ဆောင်ရွက်နေကြကြောင်းနှင့် ပြည်နယ်ရန်ပုံငွေဖြင့် လုပ်ငန်းစုစုပေါင်း (၇၃) ခုတင်ဒါ အောင်မြင်ပြီးဖြစ်၍ ၂၀၂၀ ဒီဇင်ဘာလအတွင်း၌ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးထံမှ သိရှိရပါသည်။

အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုပြီးစီးပါက ကန်ပက်လက်မြို့နယ် အတွင်းရှိ ပြည်သူများ သွားလာ လွယ်ကူမည့် အပြင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရပါသည်။

သန်းမောင်(ပြန်/ဆက်)