နောင်တရားမြို့၌ နှာခေါင်းစည်းတပ်ဆင်သည့် ယဉ်ကျေးမှုဖြစ်လာစေရေး အသိပညာပေး

နောင်တရား     ဒီဇင်ဘာ      ၁၇

ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း တပ်ဆင်သည့် ယဉ်ကျေးမှု ဖြစ်လာစေ ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် နောင်တရားမြို့တွင်း၌ အသိပညာပေးလုပ်ငန်း အရှိန် အဟုန်မြှင့်ဆောင်ရွက်ကြောင်း သိရသည်။

နောင်တရားမြို့တွင်းသို့ ဝင်ထွက်သွားလာသည့် မြို့နေပြည်သူများ၊ ကျေးလက်နေပြည် သူများအထိ အိမ်ပြင်ထွက်တိုင်း နှာခေါင်း စည်း တပ်ဆင်အသုံးပြုစေခြင်း၊ အပြင်မှ ပြန်လာတိုင်း လက်ဆေးခြင်းနှင့် တစ်စုံတစ်ခု ကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေးရည် အသုံးပြု၍ လက်ဆေးစေခြင်း၊ လူစုလူဝေး နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာဖြင့် စကား ပြောဆိုခြင်းစသည့် ကိုဗစ်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ပြုလုပ်သည်။ အဆိုပါ ပူးပေါင်း အဖွဲ့သည် နှာခေါင်းစည်းတပ်ဆင်မှုမရှိသည့် ပြည်သူများကို နှာခေါင်းစည်းတစ်ခုလျှင် ကျပ်(၂၀၀) နှုန်း မဝယ်မနေရ စနစ်ဖြင့် ရောင်းချ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)