တာလေမြို့ရှိ ကျေးရွာအချို့၌ သောက်သုံးရေ လုံလောက်စွာရရှိရေး မြေပြင်ကွင်းဆင်းတိုင်းတာပေး

တာလေ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ သောက်သုံးရေ မလုံလောက်မှု အခက်အခဲများ ရှိနေသည့် ပါလောင်းကျေးရွာနှင့် ဗေသလဟောင်းကျေးရွာတို့တွင် သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းဆောင်ရွက်နိုင်ရန် စိမ့်စမ်းရေသွယ်ယူမည့် ရေဦးရေဖျားနေရာနှင့် စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာအထိ ယမန်နေ့ နေ့လည်ပိုင်း က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများ က မြေပြင်ကွင်းဆင်းတိုင်းတာခဲ့သည်။

တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများ၏ သောက်သုံးရေ အဆင်ပြေစွာရရှိစေရန်နှင့် သောက်သုံးရေမလုံလောက်မှု အခက်အခဲများရှိနေသည့် ပါလောင်း ကျေးရွာနှင့် ဗေသလဟောင်းကျေးရွာတို့တွင်လည်း သောက်သုံးရေ လုံလောက်စွာရရှိစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သောက်သုံးရေလုံလောက်စွာရရှိရေး ရေဦးရေဖျားနေရာမှ စိမ့်စမ်းရေသွယ်လုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာအထိ အကွာအဝေး (၃/၂) မိုင်၊ အရှည် (၁၆၈၉၆)ပေအတွက် ကုန်ကျစရိတ်များ ရရှိမည်ဆိုပါက လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်အတွင်း ပါလောင်း ကျေးရွာနှင့် ဗေသလကျေးရွာတို့တွင် စိမ့်စမ်းရေသွယ်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ခွင့်ပြုချ ထားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သို့ တင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။      

အောင်ကျော်မိုး (ပြန်/ဆက်)