ဒီးမော့ဆို ဒီဇင်ဘာ ၁၇
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် ဒေသရှိ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက ဆောင်ဒူလာကျေးရွာအုပ်စု ယူဆမိုဆိုကျေးရွာတွင် အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၀)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဒီးမော့ဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် ခရိုင် ဦးစီးမှူး ဦးစောဒီးဒီတို့ တက်ရောက်အမှာစကား ပြောကြားရာ ယခု ဖွင့်လှစ်ပေးသော ကွန်ပျူတာသင်တန်းသည် ပြောင်းလဲတိုးတက်နေသော နည်းပညာခေတ်တွင် ခေတ်နှင့် အညီ ပြောင်းလဲတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်အပြင် လူငယ်လူရွယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် ယခုလို အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးသော အသိပညာ၊ အတတ်ပညာများကို လည်း သေချာစွာ လေ့လာမှတ်သားပြီး လက်တွေ့နယ်ပယ်တွင် ကောင်းစွာ အသုံးချတတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ကျေးရွာအတွင်းရှိ လူငယ်လူရွယ် ၂၀ ဦး တက်ရောက်ပြီး သင်တန်းကို တစ်လကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၇) ကြိမ် ဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု ထံမှ သိရသည်။
ရီရယ်(ဒီးမော့ဆို)