မြစ်သား ဇူလိုင် ၂၅
မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာ ပေးဟာပြောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ပေတောပရဟိတ အခြေခံပညာမူလတန်းကျောင်းတို့တွင် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာ ပျော်ရွှင်စွာစာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံဓါတ်အားဆေးများတိုက်ကျွေးပေးခြင်း၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာ ရေးနည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလကလေးငယ်များတွင် ဖြစ်ပွားသည့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအားကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအားလုံး တစ်ဦးချင်းကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)