ကျောက်ပန်းတောင်း ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဝီဖာမုန်တိုင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးစုဖွဲ့မှုကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီမှဦးဆောင်၍ မြို့နယ်အတွင်း ဝီဖာမုန်တိုင်း ဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အစဉ်သင့်ပြင်ဆင်ထားရှိမှု၊ ဌာနဆိုင်ရာများ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ အစဉ်သင့် စုဖွဲ့ထားရှိမှုတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြရာ စုဖွဲ့ပြင်ဆင်ထားရှိမှုနှင့် ပတ်သက်၍ လုပ်ငန်းသုံး ပစ္စည်းများ၏ စွမ်းဆောင်နိုင်မှုအခြေအနေ၊ ယာယီရွက်ဖျင်တဲများ ပြင်ဆင်ထားရှိမှုနှင့် သယ်ယူပို့ဆောင်ရေးနှင့်လူနာတင်ယာဉ်များ ပြင်ဆင်ထားရှိမှုအခြေအနေများကို မီးသတ်ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသန်းမြင့်နှင့် သက်ဆိုင်ရာဌာနတာဝန်ခံများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သဘာဝဘေးကျရောက်လာပါက ရှာဖွေရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ယခုရက်များအတွင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှပေးပို့သည့် မုန်တိုင်းသတင်းများကို အမြဲမပြတ် နားထောင်ကြရန်နှင့် ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများမပြတ်ရန်၊ မိမိတို့ ရုံးများတွင် ရုံးတွင်း/ရုံးပြင် လုံခြုံရေးကြိုတင်ဆောင်ရွက်ထားကြရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ သဘာဝဘေး ကူညီကယ်ဆယ်ရေး စုဖွဲ့ပြင်ဆင်ထားရှိမှုလုပ်ငန်းသို့ မြို့ပေါ်ရှိ ဌာနဆိုင်ရာ (၁၆)ခုမှ၊ ဌာန ဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ် ဝန်ထမ်းများနှင့် အရန်မီးသတ်အဖွဲ့ဝင်များစုစုပေါင်းအင်အား(၁၈၇) ဦး တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ မီးသတ်ယာဉ်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လူနာတင်ယာဉ်များနှင့် မြို့နယ်စည်ပင်သာယာ အဖွဲ့ပိုင် သယ်ယူပို့ဆောင်ရေးယာဉ်များ စက်မှုလယ်ယာပိုင် ဆိုမာလီကာ၉၀ယာဉ်များ၊ ပရဟိတ အသင်းများမှ လူနာတင်ယာဉ်များကို စုဖွဲ့ပြင်ဆင်ထားရှိ ပြသခဲ့ကြောင်း သိရသည်။
သဲသဲ(ပြန်/ဆက်)