မြစ်ကြီးနား ဒီဇင်ဘာ ၁၇
ကချင်ပြည်နယ်၌ ကိုဗစ်- ၁၉ ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားခဲ့သည့် လေကြောင်း လိုင်းများအား ယနေ့မှစ၍ တစ်ပတ်လျှင် (၃) ရက်ခန့် ပြန်လည်ပြေးဆွဲတော့မည် ဖြစ်ကြောင်းနှင့် ရန်ကုန် - မန္တလေး - မြစ်ကြီးနား ခရီးစဉ်များသို့ အဓိကထား ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရသည်။
မြစ်ကြီးနားသို့ လိုက်ပါလာမည့်ခရီးသည်များအား မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပါက ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတ်မှတ်ထားသည့် ဟိုတယ် (၄) နေရာနှင့် မြစ်ကြီးနားတက္ကသိုလ်တို့တွင် (၇) ရက်တိတိ မိမိစရိတ်ဖြင့် အသွားအလာ ကန့်သတ်စောင့်ကြည့် သွားမည်ဖြစ်ပြီး ဆေးစစ်ချက်များအရ ကိုဗစ် - ၁၉ ရောဂါ ကင်းစင်မှသာ မိမိတို့ သွားရောက်မည့် သက်ဆိုင်ရာ မြို့နယ်များသို့ ပြန်လည် ထွက်ခွာခွင့်ပြုသွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက လေယာဉ်စီး ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်မတက်မီ RDT Test ဖြင့် (၃၆) နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ် - ၁၉ ရောဂါကင်းစင်ကြောင်း လက်မှတ်ပြနိုင်မှသာ လေယာဉ်ပေါ် တက်ခွင့်ရှိသောကြောင့် လေယာဉ်စီးနင်းမည့် ခရီးသည်များအား (၁၅) မိနစ်အတွင်း ဓာတ်ခွဲအဖြေ ထွက်သည့်နည်းလမ်းဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ နံနက် (၁၀) နာရီမှ မွန်းလွဲ (၃) နာရီထိ ကိုဗစ် - ၁၉ ရောဂါ စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြားသည်။
အဆိုပါ လေကြောင်းလိုင်းများအနေဖြင့် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား - ဗန်းမော် - ပူတာအို ခရီးစဉ်များအား ခရီးသွား ပြည်သူများအပေါ်မူတည်ပြီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းကိုလည်း မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ သိရှိရသည်။
စိန်ဝင်း(ပြန်/ဆက်)