လယ်ဝေးမြို့ ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်အကြောင်းသိကောင်းစရာများ အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နိုင်စေရန် လက်တွေ့သရုပ်ပြ

 

လယ်ဝေး    ဒီဇင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် နိုင်စေရန် အတွက် ပြည်သူလူထုအား မီးဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသ ခြင်းများဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်(၁၀)နာရီ ကလည်း လယ်ဝေးမြို့ သီရိရတနာမြို့မဈေး၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းမြင့်က တက်ရောက်လာကြသော ဈေးသူ ဈေးသားများ အား နွေဦးကာလအစ နေ့အပူချိန်များမြင့်မား လာမှုကြောင့် မီးဘေး အန္တရာယ်ကြို တင်ကာ ကွယ်နိုင်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက် အလက်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ အစိုင်အခဲ၊ အရည်နှင့် အငွေ့ဟူ၍သုံးမျိုး ရှိသည့်အနက် အစိုင်အခဲများသည် မီးငြှိမ်းသတ်ရန်လွယ်ကူပေမဲ့ အရည်နှင့် အငွေ့များက မီးငြှိမ်းသတ်ရာတွင် အခက်အခဲ ရှိသောကြောင့် ဈေးအတွင်း ဓာတ်ဆီလိုအရည်များနှင့် အငွေ့ များကို ရောင်းချခြင်းမပြုလုပ်ရန် ပြောကြားသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုကို လက်တွေ့သရုပ်ပြကြပြီး ဈေးသူဈေး သားများ၊ ဈေးမိဈေးဖများနှင့် ဈေးလုံခြုံရေးဝန်ထမ်း များကိုလည်း မီးသတ်ဆေးဘူးဖြင့် လက်တွေ့ မီးငြှိမ်း သတ်စေခဲ့သည်။ ဆက်လက်၍  ဈေးအတွင်းရှိနေရာများအား အပူချိန်များလျော့နည်းစေရန် ရေပိုက်များဖြင့် ပက်ဖျန်းပေးခဲ့ပြီး ဓာတ်ငွေ့အိုး အသုံးပြုပုံ အသုံးပြုနည်းများကိုလည်း လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)