မော်လမြိုင်ကျွန်းမြို့နယ် Facility Quarantine Centre များတွင်‌ရေသုံးစွဲမှု အခက်အခဲ မရှိစေရေးအတွက် ဆောင်ရွက်

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၇

မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ (၄၁၁) ဦး စာရင်းရှိပြီ ဖြစ်သော်လည်း မြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံ (အရန်ဆေးရုံ) တို့တွင် ကုသဆဲ အတည်ပြုလူနာ (၅၂) ဦးသာ ကျန်ရှိပါသည်။ ကျန်းမာရေး ကောင်းမွန်စွာ ဆေးရုံဆင်းသူ စုစုပေါင်း (၃၅၆) ဦးနှင့် သေဆုံးသူအတည်ပြုလူနာ (၃) ဦးဖြစ်သည်။

မြို့နယ် Facility Quarantine Centre များ၌ နေထိုင်သော ပြည်သူများ သန့်ရှင်းသပ်ရပ်စွာ နေထိုင်နိုင်ရေး၊ သောက်ရေ၊ သုံးရေများ အခက်အခဲမရှိ အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများမှ ယနေ့ နေ့လည် ၁ နာရီအချိန်က Quarantine Centre ရှိ ရေကန်များအတွင်း သုံးရေများ လိုက်လံဖြည့်တင်း ဆောင်ရွက်ပေးလျက် ရှိသည်။

မြို့နယ်အတွင်းရှိ ကိုဗစ်ပိုးတွေ့သူများနှင့် ဆက်စပ်မှုရှိသူများအား Facility Quarantine Centre များတွင် အသွားအလာ ကန့်သတ်ထားရှိပြီး ရောဂါကူးစက်မှု ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက် လျက်ရှိသည်။

(၁၆) ကုတင်ဆန့် တိုင်းရင်းဆေးရုံ (ယာယီဆေးရုံ) Facility Quarantine Centre များဖြစ်သော  အ.ထ.က (၁)၊ အ.ထ.က (၂) အားကစားခန်းမသစ်၊ ကုတင် ၅ဝ ဆေးရုံ၊ ပစ္ဆိမာရုံ စာသင်တိုက်တို့တွင် အသွားအလာ ကန့်သတ်ထားရှိသူများ အဆင်ပြေစွာ နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

သီတာအောင်(ပြန်ဆက်)