တကောင်းမြို့ ရှေးဟောင်းသုတေသနပြတိုက်မှ ရှေးဟောင်းပစ္စည်းများ လာရောက်လှူဒါန်းမှု များကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြတိုက်တွင်ပစ္စည်းများ ခင်း ကျင်းပြသထားရှိ

တကောင်း ဒီဇင်ဘာ ၁၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနပြတိုက်နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တကောင်းမြို့ ရှေးဟောင်းသုတေသနပြတိုက်မှ ရှေးဟောင်းပစ္စည်းများလာရောက် လှူဒါန်းမှုများကို လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ လှူဒါန်းပစ္စည်းများကို ပြတိုက်တွင် ခင်းကျင်းပြသထားလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၃ ရက်နေ့က သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ရွာနေ ဦးဘိုနိုင်ဝင်းမှ ကျောက်လက်နက်(၃)ခု၊ ကျောက်ပုတီးစေ့ (၆၅) လုံးပါ (၁) ကုံး၊ ကျောက်ပုတီးစေ့(၄၇)လုံးပါ (၁)ကုံး၊ ကျောက်ပုတီးစေ့(၄၂) လုံးပါ (၁)ကုံး၊ ကျောက်ပုတီးအသေး ၆၀ စင်တီ မီတာအရှည် (၁)ကုံး၊ ကျောက်ဗုံရှည်(၆) လုံးပါ ပုတီး(၁)ကုံး၊  ကြေးလက်နက်(၃)ခုနှင့် မြေပုတီးစေ့ (၂၂) လုံးပါ (၁) ကုံးတို့အား လည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ် ဆင်ညှပ်ကုန်းကျေးရွာအုပ်စု၊ ဒေါမကြီးအခင်းတောနေ ဦးအောင်ပြည့်ဖြိုးမှ ကျောက်လက်နက်(၁)ခု၊ သံလက်နက်(၂)ခုနှင့် မြေပုတီးစေ့ (၄) ခုတို့အား လည်းကောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (တကောင်းဌာနခွဲ) သို့ အသီးသီးလာရောက်ပေးအပ်လှူဒါန်းရာ ဌာနခွဲတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီသီသောင်းမှ လက်ခံရယူပြီး အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တကောင်းဌာနခွဲမှ လာရောက်လှူဒါန်း သော ရှေးဟောင်းပစ္စည်းများအား စနစ်တကျမှတ်တမ်းတင်လက်ခံပြီး ပြတိုက်မှတ်ပုံတင် စာအုပ်တွင် စာရင်းရေးသွင်း၍ အများပြည်သူများ ကြည့်ရှုနိုင်စေရန် ပြတိုက်တွင်ပစ္စည်းများအား ခင်းကျင်းပြသထားလျက်ရှိကြောင်း သိရသည်။

ကိုကိုအောင် (တကောင်း)