သီပေါ သြဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုသက်သာစေရေး စီမံချက်လုပ်ငန်းစဉ်(COVID ECONOMIC RELIEF PLAN- CERP) အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းအဖြစ် ကြက်မွေးမြူထုတ်လုပ်ရေး သင်တန်းကို ဩဂုတ်လ ၃ ရက်နေ့ နံနက်(၉)နာရီခွဲက သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ရုံးချုပ်(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်အောင်က သီပေါမြို့နယ်အတွင်းရှိ ဒေသခံမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ကိုဗစ်−၁၉ ရောဂါ ကာလ အတွင်း စီးပွားရေးအပေါ် ထိခိုက်မှုများသက်သာစေရေးအတွက် (COVID ECONOMICRE LIEF PLAN-CERP)အစီအစဉ်အရ နွားမေထုန်မဲ့ သားစပ် နည်း သင်တန်း၊ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ ကျွဲ/နွား မွေးမြူရေးသင်တန်း၊ သိုး/ဆိတ်မွေးမြူရေးသင်တန်း၊ ကြက်မွေးမြူရေးသင်တန်း၊ ဝက်မွေးမြူရေး သင်တန်းများအစရှိသည့် ဘာသာရပ် (၆)မျိုးအား အမြို့မြို့အနယ်နယ်တွင် စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့် သင်တန်းတွင် ပို့ချချက်များအား စိတ်ပါဝင်စားစွာ လေ့လာ သင်ယူမှတ်သားပြီး မိမိတို့၏ လုပ်ငန်း ခွင်တွင် ပြန်လည်အသုံးချသွားရန် စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက ကြက်များတွင် ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ၊ ကာကွယ် ကုသနည်းများ၊ ကောင်းမွန် သော မွေးမြူရေးကျင့်စဉ်များကို သင်တန်းပို့ချပေးခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းသို့ သီပေါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၁၁) ရပ်ကွက်မှ မွေးမြူရေးလုပ်ငန်း စိတ်ပါဝင်စားသူ သင်တန်း သားဦးရေ (၂၀) ဦး အား သင်တန်းပို့ချပေးခဲ့ကြောင်းနှင့် ကျေးရွာ များတွင်လည်း သင်တန်းများကို ဆက်လက် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအုန်းအုန်းမြင့်က ပြောပြခဲ့သည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)