ချောင်းသာမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ် သတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့

ချောင်းသာ  ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ် သတိပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ရွှေသာယာမြို့မစျေးရှိ လမ်းဆုံနေရာများနှင့် အဓိက လမ်းမများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် လျှပ်စစ်ဓာတ်လိုက်ခံရလျှင် အသက်ဆုံးရှုံးနိုင်ကြောင်း၊ လျှပ်စစ် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းကြိုးများနှင့် ဆားဗစ်ကြိုးများ ပြုတ်ကျနေခြင်း၊ လျော့ကျနေခြင်းများ ဖြစ်ပါက ကိုင်တွယ်ခြင်းမပြုကြရန်၊ ဓာတ်အားလိုင်းတိုင်ပေါ်သို့ ဆော့ကစားခြင်း၊ တာဝန်မရှိဘဲ ဓာတ်တိုင်ပေါ်သို့ မတက်ရောက်ရန်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ရေစိုနေသော လက်၊ ခန္တာကိုယ်နှင့် အဝတ်အစားများ ဝတ်လျက် ကိုင်တွယ်ခြင်း မပြုရန်၊ ဓာတ်အားလိုင်းပေါ်ရှိ သစ်ပင်၊ သစ်ကိုင်းများ ခုတ်လှဲ​ခြင်းကို ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ခြင်း မပြုရန်၊ နေအိမ်၊ ခြံစည်းရိုး၊ သံပန်း၊ သံတံခါး၊ သံဇကာများတွင် မီးကြိုးများ သွယ်တန်းခြင်း မပြုရန်၊ ဓာတ်လိုက်သူအား ရှေးဦးသူနာပြုစုနည်း အချက်များစသည့် အချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များအား ပြည်သူများ ဗဟုသုတရရှိစေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် ချောင်းသာမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများနှင့် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ကျော်စိုးဝင်း(ပြန်/ဆက်)