ကျောက်ဆည်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ပြုလုပ်

ကျောက်ဆည်  ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၆)၊ ဦးပိုင် အမှတ်(၉၂/၁) တောင်သူ ဦးအီစမန်၏ စိုက်ဧက(၁.၆၁)ဧကတွင် ယနေ့နံနက် (၁၀)နာရီက ဧရာမင်းမိုးစပါး စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက ထွက်နှုန်း (၈၃.၉၈)တင်း ထွက်ရှိကြောင်း သိရှိရသည်။

စံကွက်ရိတ်သိမ်းရာတွင် (၀.၀၀၁)ဧကအကျယ်ရှိ ကိုယ်စားပြုစံကွက်(၃)ကွက်သတ်မှတ်ကာ ရိတ်သိမ်းခဲ့ပြီး ပထမစံကွက်တွင် ကောက်ပင်(၉၆)ပင် ထွက်ရှိစပါး နို့ဆီဗူး(၁၁)ဗူး၊ ဒုတိယစံကွက်တွင် ကောက်ပင် (ရ၅)ပင် ထွက်ရှိစပါး နို့ဆီဗူး(၁၀)ဗူး၊ တတိယ စံကွက်တွင် ကောက်ပင်(၈၁)ပင် ထွက်ရှိစပါး နို့ဆီဗူး(၁၁.၅)ဗူး၊ စုစုပေါင်း ပျှမ်းမျှ ကောက်ပင်(၈၄)ပင်မှ ပျှမ်းမျှစပါး နို့ဆီဗူး(၁၀.၇၅)ဗူးထွက်ရှိကြောင်း ကောက်ပင် ပင်ပွားနှုန်း စံရေတွက်ရာတွင် ကောက်မြုံတစ်မြုံတွင် အပင်ရေ(၈၄)ပင်ရှိကြောင်းလည်း သိရှိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်လယ်ယာမြေယာစီမံခန့်ခွဲရေးဦးစီဌာနမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မြို့နယ် ဦးစီးအရာရှိ ဦးသန့်ဇင်မောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးရဲမင်းသောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးအရာရှိ ဦးကျော်ဟိန်း၊ မြို့နယ်ရေအသုံးချမှုနှင့်စီမံခန့်ခွဲရေးဌာနမှဝန်ထမ်းများနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပြီး ကျောက်ဆည်မြို့နယ်တွင်၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါး စိုက်ဧက (၅၂၈၁၆)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သက်မောင် (ကျောက်ဆည်)