ပြင်ဦးလွင် ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အောင်ချမ်းသာကျေးရွာအုပ်စု အင်သာကျေးရွာ သီလရှင်စာသင်တိုက်တွင် ကျင်းပရာ ရှေးဦးစွာ အင်သာကျေးရွာ သီလရှင် စာသင်တိုက်မှ ဆရာလေး ဒေါ်ပညာထေရီက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက “အမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာစာပေယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ အဖွဲ့၀င်ဦးဟိန်းမင်းဦးက ဟောပြောပွဲ ကျင်းပရသည့်အပေါ် မုဒိတာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး တာ၀န်ရှိသူများက သီလရှင်စာသင်တိုက်မှ ဆရာလေးများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် စာရေးဆရာ ကိုရွှေအောင်သင်းက သီလရှင်စာသင်တိုက်အား စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် သီလရှင်စာသင်တိုက်မှ ဆရာလေးများအား နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသပေးသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူ၊ မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှအဖွဲ့၀င် ဦးဟိန်းမင်းဦး၊ မြန်မာစာပေ ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းနှင့်အဖွဲ့၀င်များ၊ သီလရှင်စာသင်တိုက်မှဆရာလေးများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)