ဟင်္သာတ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်မည့် ကညင်ကောက်၊ ကျုံတနီးတာကွေ့၊ ဆောက်သေနှင့် ကလော်ကုန်းကျေးရွာ ၄ ရွာအား ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြစိမ်းရောင်တာဝန်ခံ မြို့နယ်ကျေးလက်ဦးစီးဌာန ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှု၊ အစည်းအဝေးမှတ်တမ်း ရေးသားခြင်း၊ ငွေစာရင်းပုံစံများ မှန်ကန်မှုရှိစွာ ဖြည့်သွင်းခြင်း၊ မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း၊ လက်တွေ့ကွင်းဆင်း လေ့လာခြင်း စသည်များကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)