လောင်းလုံး ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ည ၇ နာရီက လောင်းလုံးမြို့နယ်အတွင်းရှိ မြို့ပေါ်/ရပ်ကွက်နှင့်ကျေးရွာများတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ရပ်ကွက်/ ကျေးရွာများတွင် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မီးသတိပေးကြေညာချက်များကိုရပ်ကွက်/ ကျေးရွာများ အတွင်း၌ အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာလျက်ရှိသည်။
ထို့အပြင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်ပြင် စျေးသူ/ စျေးသားများကိုလည်း မီသတ်ဆေးဗူးများကိုင်တွယ်သုံးစွဲနည်းများကိုလည်း လက်တွေ့သရုပ်ပြခြင်း၊ ဌာနဆိုင်ရာများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီဆိုင်များတွင် မီးဘေးလုံခြုံရေးများ လိုက်လံစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိသည်။
အဆိုပါဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်၊ သန္ဓေမီးသတ် တပ်ဖွဲ့ နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)