ဟားခါး ဒီဇင်ဘာ ၁၈
ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ ပြင်ပလူမှု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဒေါ်ခင်သူဇာက ကလေးသူငယ်ဆိုင်ရာ ဥပဒေများကို လည်းကောင်း၊ ဂေဟာများ တည်ထောင်ခွင့်ပြု မိန့်များကိုလည်းကောင်း၊ ဒေါ်ရင်မိုး၊ ဦးစီးအရာရှိက Case Management ဆိုင်ရာများကိုလည်းကောင်း၊ ဦးငွန်ရိုးထန်၊ ဒုတိယဦးစီးမှူးက ကလေးသူငယ်ဆိုင်ရာ စီမံခန့်ခွန်မှုတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကျင့်ဝတ်စည်းကမ်းများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြပြီးနောက် ဦးမောင်သိန်း၊ ဌာနစိတ်မှူးမှ ချင်းပြည်နယ်အတွင်း ကလေးသူငယ်ဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း ဆွေးနွေးပေးခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသူများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)