ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးကျင်းပ

ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲ အကောင်ဖော်ရေးကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပသည်။

စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်တိုးက မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) (၂၀၁၈-၂၀၃၀)၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၈) Project Bank ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဦးဟောင်းဒိုင်က ဆွမ်ပရာဘွမ်မြို့နယ်ရှိ ပြည်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်၊ ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရေးဆွဲနိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့ပေါ်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉) အုပ်စုရှိ အုပ်ချုပ် ရေးမှူးနှင့် ရပ်မိ/ ရပ်ဖများက မိမိတို့ရပ်ကွက်ကျေးရွာများရှိ လိုအပ်ချက်များကို တင်ပြပြီး သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများက ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး ကွင်းဆင်းရန် လိုအပ်သည့် လုပ်ငန်းများကို စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ကွင်းဆင်းတိုင်းတာဆောင်ရွက်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီအကဲများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီများ၊ ရပ်မရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာစာရေးများ တက်ရောက်ကြကြောင်း သိရသည်။

ကုဋေ (ပြန်/ဆက်)