ကွတ်ခိုင် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ပေါ်ရှိတိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် ပြန်လည် နေရာချထား ရေးဆိုင်ရာ ကိစ္စရပ်များကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် ပြည်ထောင်စုခန်းမ၌ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ နေရာပြန်လည်ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ရှေးဦးစွာ “ရှမ်းပြည်နယ် အတွင်း နေရပ်စွန့်ခွာသူများ နေရာပြန်လည်ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာမှ ချမှတ်ထားသည့် မူဝါဒနှင့်အညီ ပိတ်သိမ်းရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဆွေးနွေးပြောကြားသည်။
ထို့နောက် ထိုသို့ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆောင်ရွက်တွင် တိုက်ပွဲရှောင်ပြည်သူများအား မူလနေရာဒေသသို့ ပြောင်းရွှေ့နေထိုင်စေခြင်း မဟုတ်သောကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း၌ ရှိသည့် NGO လူမှုရေးအသင်းအဖွဲ့များ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းကာ အကြံပြု အကူအညီ ပေးစေလိုကြောင်း ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ဆက်လက်ပြောကြားခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်ဆောင်နှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသော တိုက်ပွဲရှောင်စခန်းမှစခန်းတာဝန်ခံများ၊ NGO လူမှုရေးအသင်းအဖွဲ့များနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှမ်းပြည်နယ်(မြောက်ပိုင်း) ကချင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ်(KBC)မှ တာဝန်ရှိသူများက တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ပြန်လည်နေရာ ချထားရေး ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
ကွတ်ခိုင်မြို့ပေါ်တွင်ရှိသည့် အမှတ်(၅)ရပ်ကွက် IDP စခန်းမှ အိမ်ထောင်စု(၅၂)စုအနက် အိမ်ထောင်စု(၄၀)စုအား ကွတ်ခိုင်မြို့၊ ခိုလုံကျေးရွာသို့ လည်းကောင်း၊ အိမ်ထောင်စု (၁၂)စုအား အင်မိန်းဟိုကျန့်ကျေးရွာသို့ လည်းကောင်း ပြောင်းရွှေ့ အချေချစေမည်ဖြစ်ပြီး အမှတ်(၆)ရပ်ကွက်၊ IDPစခန်းမှ(၃၈)စုအနက် အိမ်ထောင်စု(၁၂)စုအား ကောင်းလိမ်ကျေးရွာသို့ လည်းကောင်း၊ အိမ်ထောင်စု(၂၆)စုအားမန်လုံကျေးရွာသို့ လည်းကောင်း ရွှေ့ပြောင်း အခြေချသွားစေမည်ဖြစ်ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)