တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဝေငှခြင်း Campaign ပြုလုပ်

တောင်ကြီး  ဒီဇင်ဘာ  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ စိန်ပန်း-ရွှေတောင်လမ်းဆုံ၊  စိန်ညီနောင်ပွဲရုံရှေ့၌ ကိုဗစ်-၁၉ ရောဂါအသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ ၁၀ နာရီအချိန်ခန့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Campaign တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းထွေး နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းအဖွဲ့တို့က လူစည်းကားရာ လမ်းဆုံ လမ်းခွများ တွင် အပြင်ထွက်သည့် အခါတိုင်း ပါးစပ်နှာခေါင်းစည်းတပ်ပါ၊ သင့်ကြောင့် သင့်မိသားစုနှင့် မည်သူမျှဒုက္ခ မရောက်ပါစေနှင့် အစရှိသည့်အသိပညာပေး ပြုလုပ်ပေး လျက်ရှိကြောင်း၊ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ပြုလုပ်ခဲ့ပြီး Mask အခုရေ(၁၀၀၀)အား အခမဲ့ဝေငှခဲ့ကြကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ Positive လူနာများ တိုးမြင့်လာပြီး မြို့ပေါ်တွင်လည်း ပိုမိုစည်ကားလာသည့်အတွက် ရည်ရွယ်၍ အသိပညာပေးခြင်းဖြစ်ကြောင်းနှင့် Campaign အား အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် တောင်ကြီးမြို့ပေါ်ရပ်ကွက်များအတွင်း ပြုလုပ်လျက်ရှိပြီး နေအိမ်ပြင်ပ ထွက်ခွာပါက ဒေသခံ ပြည်သူများအနေဖြင့် Mask တပ်ကြရန် ၊ မကြာခဏလက်ဆေးရန် ၊ လူစုလူဝေး ရှောင်ရှားရန်၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြရန် စတာတွေကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိ သူ များက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အသိပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး တေးသီချင်းများ ဖွင့်ခြင်းများကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)