မြစ်ကြီးနား ဒီဇင်ဘာ ၁၈
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပထမအကြိမ် ခွင့်ပြုရန်ပုံငွေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း (၃၀) ခုအား ဆောင်ရွက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင် ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့၊ အမှတ် (၁) နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ တင်ဒါအောင်မြင့်ခဲ့သည့် ကုမ္ပဏီများနှင့် လုပ်ငန်းအပ်နှံ စာချုပ်ချုပ်ဆိုခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးက တင်ဒါအောင်မြင့်ခဲ့သည့် ကုမ္ပဏီများအား ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် စေတနာထားကာ ဆောင်ရွက်သွားကြရန်၊ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အစီအစဉ်များ ချမှတ်၍ ဆောင်ရွက်သွားကြရန်၊ ယခုကာလသည် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားလျက်ရှိရာ ကုမ္ပဏီများအနေဖြင့် လုပ်သားများအား သက်ဆိုင်ရာ ဒေသများတွင် မဖြစ်မနေ Quarantine ဝင်ရောက်စေရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်သွားကြရန်နှင့် ကိုဗစ်- ၁၉ ရောဂါကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြခြင်းများ မရှိစေရေးအတွက် မိမိတို့၏ အလုပ်သမားများအား အဖွဲ့များခွဲ၍ လုပ်ငန်းများ ဆောင်ရွက်သည့် အစီအမံများဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့် ကုမ္ပဏီအသီးသီးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ယော်ဆောင်(ပြန်/ဆက်)