ချင်းရွှေဟော် ဒီဇင်ဘာ ၁၈
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက်လာ သော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၁)ဉီးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ ဉီးသက်ဉီးပိုင်နှင့် ကော်မတီ အဖွဲ့ဝင်များမှ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေး အတွက် ယမန်နေ့ ညနေ(၄)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၁)ဉီးမှာ အမျိုးသား(၁၃)ဉီး၊ အမျိုးသမီး (၈)ဉီး တို့ဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန် မြို့နယ်မှ(၁)ဉီး၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မှ(၁)ဉီး၊ မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်မှ(၃)ဉီး၊ ဆင်ပေါင်ဝဲ မြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှ(၃)ဉီး၊ ကွမ်းလုံမြို့နယ်မှ(၈)ဉီး၊ မိုင်းရယ်မြို့နယ်မှ (၁)ဉီး၊ နှင့် မိုးမိတ်မြို့နယ်မှ(၃)ဉီး တို့ဖြစ်သည်။
၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် အသွားအလာ ကန့်သတ်စောင့်ကြပ် ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဉီးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့်စစ်ဆေးခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ ဓာတ်ခွဲနမူနာ Swab များအား ထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ဆက်လက်၍ စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)