ရမည်းသင်းမြို့နယ်၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ရမည်းသင်း ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မာလီကုန်းကျေးရွှာ (ကျီးနီကန်အနီး) ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသဏ္ဍာန်တူလေ့ကျင့်ခြင်း အခမ်းအနားသို့ ခရိုင်/မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု‌အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ရမည်းသင်းခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရံမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမူကူညီရေး အသင်းဖွဲ့များက မိုးရွာသွန်းမှု များပြားပြီး ရေကြီး၊ ရေလျှံမှုဖြစ်ပွားခြင်းကို ကြိုတင်​​ပြင်ဆင်ဆောင်ရွက်နိုင်ရေး အသိပေးနိုးဆော်ခြင်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း၊ ရေးစီးနှင့်အတူ ​မျှောပါလာသူများအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ စက်လှေများ၊ အသက်ကယ်ဘောကွင်း၊ အသက်ကယ်အင်္ကျီ၊ Line Shooter၊ Water rescue robot၊ Dive Suit man များအသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း စသည့်ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခြင်းအားဖြင့် သဘာဝဘေးဖြစ်ပွားပါက အဖွဲ့အစည်းများကြား ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာခြင်း၊ ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ၊ စက်ကိရိယာများနှင့် စက်ယာဥ်ယန္တရားများကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှုများကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ရမည်းသင်း)