မိုင်းပျဉ်း ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့ မွန်းလွဲ ၃နာရီက ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူအမျိုးသားမှာ ရန်ကုန်မြို့မှတာချီလိတ်သို့ ပို့ဆောင်ရန် ဘတ်ဟိုယာဉ် တင်ဆောင်လာသည့် (၂၆) ဘီးယာဉ်အား မောင်းနှင်လာသူအသက်(၂၅)ဖြစ်ကာ ဒီဇင်ဘာ ၁၇ ရက်မွန်းလွဲ ၃နာရီတွင် မိုင်းပျဉ်းမြို့သို့ ရောက်ရှိစဉ်အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးတို့၏ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်နှင့် ဆေးစစ်ချက်လက်မှတ်များအား စစ်ဆေးခဲ့ရာ ဆေးစစ်မှုသက်တမ်း(၁၄)ရက် ကျော်လွန်ကြောင်း တွေ့ရှိရ၍ မိုင်းပျဉ်းမြို့ပြည်သူ့ ဆေးရုံ၌ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ယာဉ်မောင်း၌ ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့ကြောင်းသိရပြီး၊ RDT Test Kit Centre တွင် စာရင်းကောက် Volunteer အဖြစ်ဆောင် ရွက်ခဲ့သူ အသက်(၃၄) နှစ်အရွယ်အမျိုးသမီးမှာ အဆိုပါယာဉ်မောင်းနှင့် ထိတွေ့ပြောဆိုခဲ့သဖြင့် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနှစ်ဦးနှင့် ယာဉ်နောက်လိုက်တို့သည် လက်ရှိတွင်ကျန်းမာ ရေးကောင်းမွန်လျှက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူနှစ်ဦးတို့အား မိုင်းပျဉ်းပြည်သူ့ဆေးရုံရှိ Isolation Ward ၌ ထားရှိကာ ယာဉ်နောက်လိုက်အားမိုင်းပျဉ်းမြို့ Hospital Quarantine တွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မေမွန်ထွဋ်၊ ပြန်/ဆက်