မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုင်းယောင်း ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် နမ့်မိန်ချောင်းတံတားထိပ် လမ်းဆုံတွင် Masks campaign ပြုလုပ်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး ကျန်းမာရေး၊ ဌာနဆိုင်ရာများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး သီချင်းဖွင့်၍လှုံ့ဆော်ခြင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ဆက်လက် ထိန်းချုပ်ထားနိုင်ရန်အတွက် တတ်နိုင်သမျှ မိမိတို့၏ နေအိမ်တွင်သာနေထိုင်ပြီး လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ လုံးဝမသွားကြပါရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို လူစုလူဝေးရှိရာနေရာများသို့ သွားသည့် အခါတိုင်း မဖြစ်မနေတပ်ဆင်ကြပါရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး ခြောက်ပေအကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်၊ လက်ကို ရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် စနစ်တကျ မကြာခဏဆေးကြောရန် (သို့မဟုတ်) လက်သန့်စင်ဆေးရည်နှင့် ဆေးကြော ကြပါရန် တိုက်တွန်း နှိုးဆော်ခြင်းများကို ပြုလုပ်ခဲ့သည်။

ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ တိုက်တွန်းနှိုးဆော်ချက် များကို ကိုယ်တိုင်မဖြစ်မနေ လိုက်နာကျင့်သုံးရုံသာမက မိမိ၏ မိသားစုဝင်များနှင့် အခြားသူများပါ လိုက်နာ ကျင့်သုံးစေရန် နှိုးဆော်တိုက်တွန်းခြင်း၊ ဗလမင်းထင်ကျောက်တိုင်အနီးတွင် ဈေးရောင်းသူ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း