မိုင်းဖြတ် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည့် ယမန်နေ့ နံနက် ၁၀ နာရီက ဘာသာရေးခရစ္စမတ်ပွဲတော်များ ကျင်းပခြင်းနှင့် ခရစ်ယာန်ဘုရားကျောင်းများ ၌ လူ(၃၀)ဦးထက်မပိုသော ဝတ်ပြုဆုတောင်းပွဲများ ကျင်းပပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များဖြင့် ကျင်းပပြုလုပ်နိုင်ရေးအတွက် ဘုရားကျောင်းများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ ကော်မတီဝင်များ ဖြစ်ကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့် ကော်မတီဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးကိုဆန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်သာသနာ ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရှိုင်းနှင့် တာဝန်ရှိသူများက ဟိုနားစောမွန်ကျေးရွာရှိ ဘုရားရှိခိုးကျောင်း၊ ကွက်သစ်ရပ်ကွက်ရှိ လားဟူ ဘုရားရှိခိုး ကျောင်းတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြင့် လိုက်နာဆောင်ရွက်နိုင်ရေး၊ ပြင်ဆင်ထားရှိမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲ ၂ နာရီခွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဓမ္မအမှုတော်ဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်ပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ခရစ္စမတ်ပွဲတော်နှင့် နိုင်ငံတကာနှစ်သစ်ကူးပွဲနေ့များတွင် ခရစ်ယာန်ဘုရားကျောင်းများ၌ လူ(၃၀)ဦးထက် မပိုစေဘဲ ဝတ်ပြုဆုတောင်းရာတွင် လိုက်နာ ဆောင်ရွက် ရန် လုပ်ငန်းလမ်းညွှန်ချက်ပါ အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒေါက်တာ ကျော်မျိုးဇော်က ကျန်းမာရေးဆိုင်းရာ လမ်းညွှန်ချက်များနှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့ပြီး ကော်မတီဝင် များက လိုအပ်ချက် များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး (ပြန်/ဆက်)