ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉စစ်ဆေးရေးဂိတ်၌ တာဝန်ကျဝန်ထမ်းများနှင့် နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်နေသူများအား နေ့လယ်စာ ထမင်းထုပ်(၂၅၈)ထုပ်လှူဒါန်း

ကျောက်ဆည်  ဒီဇင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များအား စစ်ဆေးသည့်ဂိတ်၌ တာဝန်ထမ်းဆောင်နေကြသူများနှင့် ကျောက်ဆည် နည်းပညာတက္ကသိုလ်မှ Facility Quarantine ဝင်ရောက်နေသူများအား ယမန်နေ့ နံနက်(၁၀)နာရီက နေ့လယ်စာ အဟာရအဖြစ် ထမင်းထုပ်(၂၅၈)ထုပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှူဒါန်းမှုကို ကျောက်ဆည်မြို့  မင်းရပ်၊ ရပ်ကွက်မှ အလှူရှင် ကိုအီစန်းမင်းနှင့် မမြင့်မြင့်ဇော် မိသားစုက လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ စစ်ဆေးသည့်ဂိတ်၌ တာဝန် ထမ်းဆောင်နေသူ(၄၈)ဦး၊ ကျောက်ဆည် နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်ရောက်နေသူများနှင့် တာဝန်ထမ်းဆောင်နေသူ(၁၉၅)ဦး၊ Kyaukse Rescue လူမှုကူညီရေးအသင်းတွင် တာဝန်ထမ်းဆောင်နေသည့် အသင်းဝင် (၁၅)ဦး စုစုပေါင်း(၂၅၈)ဦးအတွက် ကြက်သားပဲထမင်းထုပ်များ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထမင်းထုပ်များအား လှူဒါန်းနိုင်ရေးအတွက် ကြက်မင်းတွန်ရပ်ကွက်မှ Kyaukse Rescue လူမှုကူညီရေး အဖွဲ့မှ ပူးပေါင်း ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိကာ လှူဒါန်းခဲ့သည့်  ထမင်းထုပ်များကို သက်ဆိုင်ရာနေရာများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)