ချင်းရွှေဟော် ဒီဇင်ဘာ ၁၈
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက် မှဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့်မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၂၁)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များမှ ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယမန်နေ့ ညနေ(၄)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်းပို့ဆောင် ပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၂၁)ဦးမှာ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၈)ဦးတို့ဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်မှ(၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မှ(၁)ဦး၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှ(၃)ဦး၊ ဆင်ပေါင်ဝဲမြို့နယ်မှ(၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှ(၃)ဦး၊ ကွမ်းလုံမြို့နယ်မှ(၈)ဦး၊ မိုင်းရယ်မြို့နယ်မှ (၁)ဦး၊ နှင့် မိုးမိတ်မြို့နယ်မှ(၃)ဦး တို့ဖြစ်သည်။
၎င်း နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် အသွားအလာကန့်သတ်စောင့်ကြပ် ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့်စစ်ဆေးခြင်း နှင့် ဒုတိယ အကြိမ်အဖြစ် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအားထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ စစ်ဆေးခဲ့ရာနှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ရောဂါ ပိုးမတွေ့ရှိရကြောင်းသိရ၍ ချင်းရွှေဟော်မြို့၊ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ဆက်လက်၍ စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)