နမ့်စန်(တ) ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသား/ သူများ၏ သားသမီးများကို ဂုဏ်ပြုငွေချီးမြှင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်း ပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌ သဘာပတိ ဦးမြင့်မောင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းက အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်ဆယ်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အသင်းမှ တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသား/သူများ၏ သားသမီး ၁ ဘာသာဂုဏ်ထူးရှင် (၁)ဦး နှင့် ရိုးရိုးအောင်မြင်သူ (၁)ဦး စုစုပေါင်း၂ ဦးကို ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက အသင်းသူ/သား ၉၄ ဦး၏ စုဆောင်းငွေအပေါ် အတိုးနှင့် အစုပေါ်အမြတ်ငွေ စုစုပေါင်း ၁,၅၈၆,၄၅၀ ကျပ်ကို ထုတ်ပေးခဲ့ပြီး အဆိုပါ အခမ်းအနား အပြီးတွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ အမှုဆောင်အသစ်များရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင် (ပြန်/ဆက်)