ချင်းရွှေဟော် ဒီဇင်ဘာ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့၊ ညနေ (၆)နာရီ အချိန်က နေရပ်ပြန်ပြည်သူ(၁၀)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
အဆိုပါဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၀)ဦးတို့မှာ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၆)ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ(၁)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တာမိုးညဲမြို့နယ်မှ(၁)ဦး၊ လောက်ကိုင်မြို့နယ်မှ(၁)ဦး၊ ဟိုပန်မြို့နယ်မှ(၁)ဦး နှင့် ကွမ်းလုံမြို့နယ်မှ (၆)ဦးတို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၀)ဦးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်မှ နေရပ်ပြန်ပြည်သူ(၆)ဦးအား ကွမ်းလုံမြို့နယ်မှ တာဝန်ရှိသူများနှင့်ချိတ်ဆက်ပြီး အထက ကျောင်းရှိ၊ Quarantine Center သို့ ချင်းရွှေဟော်မြို့၊ သန္တိသုခလူမှုကူညီရေး အသင်းယာဉ်ဖြင့် စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူ(၄)ဦးတို့အား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းတွင်ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit ဖြင့်စစ်ဆေးခြင်းနှင့် ဓါတ်ခွဲနမူနာ Swab များ ရယူပြီးစစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက် ပို့ဆောင်စစ်ဆေး သွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)