ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိ

ကွန်ဟိန်း ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ဒုတိယမြောက် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာတစ်ဦး ထပ်မံတွေ့ရှိကြောင်း ယမန်နေ့ ည (၈) နာရီအချိန်က သိရှိရသည်။

အဆိုပါ အတည်ပြုလူနာအမျိုးသမီး၊ ၄၉ နှစ်သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ၊ အလယ်ဗိုလ်ကျေးရွာအုပ်စု၊ ကံဖယ်ကျေးရွာမှ လမ်းလုပ်သားအဖြစ်လာရောက်လုပ်ကိုင်ရန် ကွန်ဟိန်းမြို့သို့ ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်က ရောက်ရှိခဲ့ပြီး ကွန်ဟိန်းမြို့၊ ဘုရားကြီးဓမ္မာရုံ၌ Facility Quarantine ဝင်ရောက်ခဲ့သည်။ ၎င်းနှင့်အတူ ဘုရားကြီးဓမ္မာရုံတွင် Quarantine ဝင်ရောက်သော လမ်းလုပ်သား(၂၇)ဦးတို့၏ Swab နမူနာများအား ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရယူ၍ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ ပေးပို့စစ်ဆေးခဲ့သည်။

Swab နမူနာပေးပို့စစ်ဆေးခဲ့သော (၂၇)ဦးထဲမှ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ(တွေ့ရှိ)ကြောင်း ယမန်နေ့ ည (၈)နာရီ အချိန်တွင် သိရှိခဲ့ရသည်။

အဆိုပါပိုးတွေ့ရှိသူအမျိုးသမီးအား ယမန်နေ့ ည(၁၀)နာရီ အချိန်ခန့်က ကွန်ဟိန်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ကြပ်မတ်ကုသ ပေးလျက်ရှိပြီး လက်ရှိတွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ (အခြေခံကျန်းမာ) ဒေါက်တာရဲခေါင်ထက် ထံမှ သိရှိရသည်။

ရောဂါပိုးမတွေ့ရှိသူ ကျန်(၂၆)ဦးတို့အား ဘုရားကြီး ဓမ္မာရုံ Quarantine Center တွင် (၇)ရက် ဆက်လက်၍ အသွားအလာ ကန့်သတ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)