မိုင်းခတ်မြို့နယ် နမ့်မွဲကျေးရွာ၌ အမွှာမိန်းကလေးငယ်နှစ်ဦး မွေးဖွားသည့် မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

မိုင်းခတ်    ဒီဇင်ဘာ     ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် တုံဖကော်ကျေးရွာအုပ်စု၊ နမ့်မွဲကျေးရွာရှိ အမွှာမိန်းကလေးနှစ်ဦး မွေးဖွားသည့် မိသားစုဝင်များအား ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်နှင့်် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိုင်းခတ်မေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများ သွားရောက်၍ အမွှာ ကလေးအတွက် လိုအပ်သည့်ပစွည်းများ ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ ပေးအပ်ထောက်ပံ့ရာတွင် အမွှာမိန်းကလေး နှစ်ဦးအတွက် လိုအပ်သော အဟာရဖြည့် နို့မှုန့်များ၊ ဆန်များ၊ အနွေးထည်များ၊ စောင်များ၊ ကလေးမိဘများအတွက် အနွေးထည်များ စုစုပေါင်း တန်ဖိုးတစ်သိန်းကျပ်ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ထို့အပြင် အမွှာကလေး မွေးထားသည့် မိခင်နှင့်ကလေးများအား ကျန်းမာသန်စွမ်းပြီး အဟာရပြည့်ဝစွာ ကြီးထွားဖွံ့ဖြိုးလာစေရန် အတွက် ရည်ရွယ်၍ နိုင်ငံတော်မှ တစ်လလျှင် (၃)သောင်းကျပ်နှုန်းဖြင့် (၂)နှစ်ပြည့်သည်အထိ ထောက်ပံ့ငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုးဒေ (ပြန်/ဆက်)