မိုင်းလုံ ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် Facility Quarantine ထားရှိသူ(၂၁)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများကို ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးရန် ယနေ့ နံနက်(၉) အချိန်ခန့်က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်း (Facility Quarantine) တွင်နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများ ရယူခဲ့ကြောင်း သိရသည်။
အဆိုပါနှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများ ရယူရာတွင် တိုက်နယ်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်နှင့် ဒေါ်သိန်းထိုက်ထိုက်စံတို့က Facility Quarantine ထားရှိသည့် ရောဂါဖြစ်ပွားရာဒေသဖြစ်သော မန္တလေးမြို့မှ ပြန်လာသူ မိုင်းလုံမြို့နေ ကျား(၂)ဦး မ(၁)ဦးနှင့် မိုးမိတ်မြို့မှ လာရောက်၍ အထက်ဆည်ရေလွှဲမြောင်း လုပ်ကိုင်သည့်အဖွဲ့မှ ကျား(၁၆)ဦး မ(၅) စုစုပေါင်း (၂၄)ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများကို ရယူခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် Facility Quarantine ဝင်သူများ၏ အာခေါင်တို့ဖတ်နမူနာကို (၁၄)ကြိမ် ရယူထားပြီး ယခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ မရှိကြောင်း မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။
ဇော်ဇော်(ပြန်/ဆက်)