မန္တလေးခရိုင်အတွင်း သတ်မှတ်ထားသည့် Stay At Home ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ဒဏ်တပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြေညာချက်ထုတ်ပြန်

မန္တလေး ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မန္တလေးခရိုင်အတွင်း ကိုဗစ် ၁၉ ဖြစ်ပွားမှုအခြေအနေများကြောင့် ယခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ဒီဇင်ဘာ၁၈ ရက်ထိ မန္တလေးခရိုင်အတွင်း Stay At Home ထုတ်ပြန်ထားပြီး စည်းကမ်းဖောက်ဖျက်သူများကို ဒဏ်ရိုက်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့ဒီဇင်ဘာ၁၈ရက်နေ့မှစတင်ပြီး မန္တလေးခရိုင်အတွင်း သတ်မှတ်ထားသည့် Stay At Home ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ဒဏ်တပ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန် ကြေညာချက်အရသိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် စည်းကမ်းဖောက်ဖျက်သဖြင့် ဒဏ်ရိုက်၍ရသော ဒဏ်ကြေးမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ၅နာရီအထိ ဒဏ်တပ်ခံရသူစုစုပေါင်း(၁၃၂၂၂)ဦးရှိပြီးဒဏ်ကြေး ငွေကျပ်(၆၆.၁၁)သန်းရရှိကာ အဆိုပါဒဏ်ကြေးငွေများကိုမန္တလေးခရိုင် အတွင်းရှိ ပြည်သူလူထုအတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဘတ်ဂျက်မှငွေကျပ်သန်းပေါင်း (၁၅၇၂.၁၅၅)သန်း၊ အလှူရှင်များ၏ ကိုဗစ်-၁၉ ရန်ပုံငွေများထဲမှ ငွေကျပ် (၁၀၂၆.၂၈၁)သန်း၊ စုစုပေါင်းငွကျပ်(၂၅၉၈.၄၃၆)သန်းသုံးစွဲပြီးဖြစ်ကြောင်း၊ ပြည်သူလူထုကို ကပ်ရောဂါဘေးမှ ကာကွယ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် Stay At Home ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ဒဏ်တပ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ကြောင်းနှင့်ပြည်သူ လူထုအနေဖြင့် ကိုဗစ်၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီပြုမူ နေထိုင်သွားရန် ပန်ကြားလိုကြောင်းတို့ကို ယနေ့ထုတ်ပြန်သော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူသို့တင်ပြခြင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိကြောင်း သိရသည်။

ဇော်လင်းဦး (အောင်စံ)