ပြင်ဦးလွင် ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် နေ့/ည တာဝန်များခွဲကာ မိမိတို့မြို့၊ ရပ်ကွက် /ကျေးရွာများရှိ အဝင်/အထွက်နေရာများတွင် ကျန်းမာရေး စစ်ဆေးရေး ဂိတ်များကို အချိန်နှင့်တပြေးညီ ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
ပြင်ဦးလွင်မြို့သို့ အခြားနေရာများမှ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးနိုင်ရန် အတွက် ရပ်ကွက်ကြီး ( ၁၇ ) ၊ အနီးစခန်း ၊ သံမဏီစက်ရုံရှေ့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နံနက် ( ၆) နာရီမှ ညနေ ( ၆) နာရီထိ နေ့/ည ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ လုံခြုံရေးတာဝန်ခံများနှင့် တာဝန်ရှိသူများက အပူချိန်တိုင်းတာခြင်း ၊ စာရင်းများကောက်ယူ မေးမြန်း၍ ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာရန် အသိပေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ယခုလို တာဝန်ရှိသူများက မိမိတို့ဒေသအတွင်းသို့ ပြည်သူများ ဝင် / ထွက်သွားလာနေမှုကို အမြဲစောင့်ကြည့်၍ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စဉ်ဆက်မပြတ်လုပ်ဆောင်နေခြင်းဟာ ကိုဗစ် - ၁၉ ရောဂါကို ကြိုတင် ကာကွယ်နိုင်ခြင်း ၊ သံသယလူနာများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆက်သွယ်ပို့ဆောင်ပေးနိုင်ခြင်းတို့ကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင် လျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )