ပုသိမ် ဒီဇင်ဘာ ၁၈
ပုသိမ်မြို့အမှတ် (၈) နယ်မြေ တဂေါင်းမင်္ဂလာမဟာစေတီတော်မြတ်ကြီး၏ အနောက်ဖက်ဗောဓိမြိုင် ရပ်ကွက်အတွင်း သစ္စာပန်းနှင့် အခြားသောဂန္နမာ၊ ကြယ်ပန်းနှင့် ဟင်းစားပင်များ စိုက်ပျိုးနေသူ ကိုမျိုးအေးထံ သို့ရောက်ရှိကာ ရောင်းတန်းဝင်သစ္စာပန်းများ စိုက်ပျိုးမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ပါတယ်။
ပထမဆုံး နွားချေးစပါးခွံဖွဲ မြေဆွေးမြေအောင်းပိုးသတ်ဆေးနဲ့ မြေကို ဘောင်တင်ပါတယ် တင်ပီးသား ဘောင်ကို ရေပါးပါးဖြန်း ၃/၄ ရက် ကြိုနှပ်ထားပါတယ်။ ဘောင်အမြင့်ကတော့ ၃ လက်မ လောက်ထားရှိကာ ရေမဝပ်အောင်ပြုလုပ်ထားရသည်။ မျိုးဥတွေမှာ မှိုတွေ အခြားဘက်တီးရီးယားတွေ ပါတတ်လို့ အရင်ဆုံး မှိုဆေး အားဆေး မြေအောင်းပိုးသတ်ဆေးနဲ့ နယ်ပီးခြောက်သွေ့သည်ထိ နေပြထား ပါတယ်။ ပီးရင် မျိုးဥတွေ အပင်ထွက်လွယ်ကူစေရန် အခွံချွတ်ထားပါတယ်။ စစိုက်ပီဆိုရင် ကျွင်းနက်နက်တူးပီး ကျွင်းလေးတွေကို ၆ လက်မခြား စိုက်ပါတယ် ပီးမှမြေပါးပါးပြန်ဖုံးပေးပါတယ် ဥစစိုက်ပီး ရေကို တနေ့တခါ ပါးပါးသာဖျန်းပေးရပါမယ်၊ ရေများရင် ဥများပုပ်တတ်ပါတယ်။ အပင်ငယ်စထွက်ပီး တစ်မိုက်လောက်ရောက်ရင် အပင်မလဲစေဖို့ အပင်ခြေရင်းကို မြေထပ်ဖို့ဘောင်ပြန်တင် ပေးရပါမယ် အပင်တထွာလောက်ရောက်မှ မြေဆွ ပေါင်းအရင်သင်ပီးမြေသြဇာ ၁၅ ပတ်လည်တကြိမ် စကျွေးပါတယ် ကျွေးပီး တပတ်လောက်နေရင် ရွက်ဖြန်းအားဆေးနဲ့ ပိုးသတ်ဆေး ပျော့ပျော့ တစ်ကြိမ်ဖျန်းပေးရပါတယ်၊ အပင်အခြေအနေ တက်နှုန်း ကြည့်ပီး ရွက်လက် ၅ ရွက် ၆ ရွက်ရောက်လာရင် ရွက်ဖျန်းအားဆေးနဲ့ ပိုးသတ်ဆေးတကြိမ် ထပ်ဖျန်းပေးရပါမယ်၊ ရွက်လက် ၇ ရွက် ၈ ရွက် မှာပန်းအဖူးအနှံထွက်မှာဖြစ်သောကြောင့် အားဆေးနဲ့ ပိုးသတ်ဆေး ကြိုဖျန်းထားခြင်းဖြစ်ပြီး အနှံမှာ သီးလုံးဖောက်ပိုး မဝင်စေရန်ပိုး သတ်ဆေးပုံမှန်ထက် အနဲငယ် ပိုဖျန်းပေးပါတယ် အနှံစထွက်ပီဆိုရင် မြေထပ်ဆွ ပေါင်းထပ်လိုက်ပီးမြေသြဇာ ၁၅ ပတ်လည်အား ၃ ပေ၊ အလျားပေ ၅၀ ဘောင်တဘောင်ကို နို့ဆီဗူး ၂ ဗူးခန့်ပါးပါး ကျွေးပေးပါတယ်၊ အပင်နှင့် အနှံ အခြေအနေပေါ်ကြည့်၍ ပိုးသတ်ဆေး ချိန်ဆထည့်ပါတယ်၊ မိုးတွင်းစိုက်ရင်ရင် မှိုဆေးလိုက်စရာသိပ်မလိုပါ၊ စိုက်ချိန်သက်တမ်း ၃ လသာ စိုက်ရပြီး ရေရလျှင် နေရာဒေသမရွေး စိုက်ပျိုးနိုင်ပီး အမိုးအကာမလို အစာအများကြီး မလိုအပ်ပါမျိုးဥလည်း ပြန်ပွားပြီးအကြမ်းခံသော ပန်းအမျိုးအစား ဖြစ်ပါသည်ဟု ခြံပိုင်ရှင် ကိုမျိုးအေးမှ ပြောသည်။
မြန်မာပြည်စျေးကွက်မှာ လူကြိုက်များ စျေးကွက်တန်းဝင် ပန်းအမျိုးအစားဖြစ်ကာပန်း၏ အရောင်ကို ခွဲခြား၍ စျေးနှုန်းများလည်း ကွဲပြားကြောင်း သိရသည်။ တရုတ်နှစ်ကူးအချိန်အခါမျိုးတွင် ကြက်သွေးရောင်၊ အနီရောင်တို့ အများဆုံးရောင်းချရပြီး၊ အခြားသော အရောင်များကို ဘုရားပန်းကပ်သူများမှ ဝယ်ယူကြကာ ပန်းတစ်ခက်လျှင် ၁၀၀ ကျပ် ငါးခက်ပါတစ်စီးကို အရောင်များခွဲ၍ ကွဲပြားမှုများရှိကြောင်း ၎င်းကဆိုသည်။
၎င်း၏ခြံသည် သုံးဧကခန့်ကျယ်ဝန်းပြီး ဟင်းသီး ဟင်းရွက်နှင့် အာစီယံသပြေ၊ အောင်သပြေ စသောပန်းပင်များလည်း အများအပြား စိုက်ပျိုးထားရှိကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြင့်ဟန်